ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Tuesday, July 17, 2012

လှိုင်သာယာမြို့နယ်၊ ဒိုင်စုကျေးရွာတွင် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့သဖြင့် လူ ၈၆ ဦး ဆေးကုသမှု ခံယူခဲ့ရ


လှိုင်သာယာမြို့နယ်၊ ညောင်ရွာအုပ်စု၊ ဒိုင်စုကျေးရွာတွင် ခရစ်ယာန်အသင်းတော်မှ ကျွေးမွေးသည့် ကြက်ဥချဉ်ရည်ဟင်းနှင့်၊ ဂေါ်ဖီကြော်အား စားသုံးရာမှ အစာအဆိပ်သင့်မှုဖြစ်ပွားပြီး လူဦးရေ ၈၆ ဦး မြို့နယ်ပြည်သူ့ဆေးရုံသို့ ဇူလိုင်လ ၁၄ ရက်နေ့က တက်ရောက်ကုသမှု ခံယူခဲ့ရကြောင်း
လှိုင်သာယာ ပြည်သူ့ဆေးရုံအုပ်ကြီး၏ ပြောကြားချက်အရ သိရှိရသည်။ ''ဇူလိုင်လ ၁၄ ရက်နေ့ မနက်မှာ အသင်းတော်က ကျွေးတဲ့ ကြက်ဥချဉ်ရေဟင်းနဲ့ ဂေါ်ဖီကြော်ကိုစားပြီး အော့အန်မူးဝေတာ၊ ၀မ်းသွားတာတွေဖြစ်လို့ ဆေးရုံ ရောက်လာကြပါတယ်။ ဆေးရုံကို သူ့တို့ဘာသာ လမ်းလျှောက်လာကြသလို မြို့နယ်အုပ်ချုပ်ရေးမှူးရဲ့ အစီအစဉ်နဲ့ လိုက်ပို့ပေးတာ ရှိပါတယ်။ လိုအပ်တဲ့ ကုသမှုတွေကို အခမဲ့ ကုသပေးခဲ့ပါတယ်။ အများစုကတော့ အသက်သုံးနှစ်နဲ့ ၁၂ နှစ်ကြား ကလေးတွေပါ။ လူကြီးကတော့ ၁၀ ယောက်ဝန်းကျင်ပဲ ပါပါတယ်။ ဇူလိုင်လ ၁၅ ရက်နေ့ မနက်မှာ ဆေးရုံက အားလုံးဆင်းသွားပါတယ်'' ဟု ဆေးရုံအုပ်ကြီးက ပြောကြားသည်။ ဆေးရုံတက် ကုသမှု ခံယူခဲ့သူများမှာ အမျိုးသား ၄၀ ဦးနှင့် အမျိုးသမီး ၄၆ ဦးဖြစ်ပြီး ၇၀ကျော်ခန့်မှာ ကလေးငယ်များ ဖြစ်ကြောင်း သိရသည်။ ယင်းကဲသို့ အစာအဆိပ်သင့်မှု ဖြစ်ပွားရခြင်းမှာ ချက်ပြုတ်ချိန်တွင် မသန့်ရှင်းမှုနှင့် စားသုံးချိန်တွင် မလတ်ဆတ်မှုကြောင့် ဖြစ်နိုင်ဖွယ်ရှိကြောင်း အစာအဆိပ်သင့်မှု ဖြစ်ပွားသည့် အကြောင်းရင်းအား ရှာဖွေနိုင်ရန် တိုင်းဓာတ်ခွဲခန်းသို့ တင်ပို့၍ ဓာတ်ခွဲစစ်ဆေးသွားမည်ဖြစ်ကြောင်း လှိုင်သာယာမြို့နယ် ပြည်သူ့ဆေးရုံမှ လက်ထောက်ဆရာဝန် ဒေါ်စိုးစိုးမူက ပြောသည်။ ''ကျွန်မတို့ကို အသင်းတော်က အပတ်စဉ် ကျွေးမွေးလာတာ လေးနှစ်လောက် ရှိပါပြီ။ တစ်ခါမှ ဒီလို မဖြစ်ဖူးပါဘူး။ ချက်ပြုတ်တာကလည်း အသင်းတော်က မဟုတ်ဘဲ သန်လျင်ကမှာပြီး စေတနာနဲ့ ကျွေးတာပါ။ ကျွန်မမိသားစုမှာ ကျွန်မအပါအ၀င် ကလေးနှစ်ယောက်ပါ ဆေးရုံတက်ခဲ့ရပါတယ်။ အခုတော့ စိုးရိမ်စရာ မရှိတော့ပါဘူး'' ဟု အစာအဆိပ်သင့်၍ ဆေးရုံတက် ကုသမှုခံယူခဲ့ရသူ ဒေါ်အေးမော်က ပြောသည်။
လှိုင်သာယာမြို့နယ်တွင် ယခင် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ဖူးသော်လည်း ယခုအကြိမ်လောက် များပြားမှု မရှိခဲ့ကြောင်း သိရှိရပါသည်။ လှိုင်သာယာ ပြည်သူ့ဆေးရုံတွင် တက်ရောက်ကုသမှုခံယူသူ ၈၆ ဦးမှာ ဆေးရုံမှ ချက်ချင်းဆင်းနိုင်ခဲ့သော်လည်း အနောက်ပိုင်း ကလေးဆေးရုံသို့ တက်ရောက်ကုသမှု ခံယူသူ ကလေးငယ် သုံးဦးခန့်မှာ ဆေးရုံမှ ဆင်းခွင့်မရရှိသေးကြောင်း မေးမြန်းချက်အရ သိရသည်ဟု ၂၀၁၂ ခုနှစ် ဇူလိုင်လ ၁၈ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။

No comments:

Post a Comment