ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Tuesday, July 17, 2012

ရေနံနှင့် သဘာဝဓါတ်ငွေ့ စီမံကိန်းများ ပွင့်လင်းမြင်သာမှုရှိရန် စွမ်းအင်ဝန်ကြီးဌာနမှ ပထမဆုံးအကြိမ် ထုတ်ပြန်ကြေညာ


မြန်မာနိုင်ငံတွင် အကောင်အထည်ဖော် ဆောင်ရွက်နေသော ရေနံနှင့် သဘာဝဓာတ်ငွေ့ စီမံကိန်းများ လုပ်ဆောင်မှုနှင့် ပတ်သက်၍ အများပြည်သူ သိရှိစေရန်နှင့် ပွင့်လင်းမြင်သာမှုရှိရန် စွမ်းအင်ဝန်ကြီးဌာနမှ ပထမဆုံးအကြိမ် ထုတ်ပြန် ကြေညာခဲ့ပြီး ထိုင်းနိုင်ငံသို့ တင်ပို့ ရောင်းချနေသည့် ရတနာနှင့် ရဲတံခွန်မှ ရရှိသော ၀င်ငွေ၏ ၆၇ ရာခိုင်နှုန်းကို နိုင်ငံတော်မှ ရရှိနေကြောင်း
သိရပါသည်။ မြန်မာနိုင်ငံတွင် ဆောင်ရွက်မည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ စီမံကိန်းများမှ နိုင်ငံအနေဖြင့် ခိုင်ကြေး (Royalty)၊ အစုရှယ်ယာ၊ ဓာတ်ငွေ့ သယ်ဆောင်ခ ရငွေ၊ ပိုက်လိုင်းဖြတ်သန်းခငွေနှင့် ၀င်ငွေခွန်များ ရရှိမည်ဖြစ်ပြီး လက်ရှိလုပ်ငန်းများ ဆောင်ရွက်နေသည့် ရတနာနှင့် ရဲတံခွန် သဘာဝဓာတ်ငွေ့ စီမံကိန်းများမှ ၂၀၀၆-၀၇ ဘဏ္ဍာရေးနှစ်မှ ၂၀၁၁-၁၂ ဘဏ္ဍာရေးနှစ် အထိ အမေရိကန်ဒေါ်လာ ၁၆ ဘီလျံကျော် မြန်မာနိုင်ငံဘက်မှ ၀င်ငွေရရှိခဲ့ကြောင်း စွမ်းအင်ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ အကြီးတန်း ဘူမိဗေဒအရာရှိ တစ်ဦးက ''အခုလက်ရှိ  တင်ပို့ရောင်းချနေတဲ့ ရတနာနဲ့ ရဲတံခွန် စီမံကိန်းတွေကနေ ရတဲ့ဝင်ငွေမှာ နှစ်ပိုင်း ရှိတယ်။ အရင်းမကြေမီ ကာလနဲ့ အရင်းကြေပြီး ကာလပါ။ အရင်းမကြေမီကာလမှာ မြန်မာဘက်က စုစုပေါင်း ၄၀ နဲ့ ၅၀ ရာခိုင်နှုန်းကြား ရတယ်။ အရင်းကြေပြီး ကာလမှာတော့ ၆၇ ရာခိုင်နှုန်းဝန်းကျင် ရနေပါတယ်'' ဟု ပြောကြားပါသည်။ ရတနာနှင့် ရဲတံခွန် သဘာဝဓာတ်ငွေ့ စီမံကိန်းများတွင် မြန်မာနိုင်ငံဘက်မှ ၂၀၀၆-၂၀၀၇ ဘဏ္ဍာရေးနှစ်တွင် အမေရိကန်ဒေါ်လာ ၂ ဒသမ ၁၇၄ ဘီလျံခန့်၊ ၂၀၀၇-၂၀၀၈ ဘဏ္ဍာရေးနှစ်တွင် အမေရိကန် ဒေါ်လာ ၂ ဒသမ ၄၄၈ ဘီလျံခန့်၊ ၂၀၀၈-၂၀၀၉ ဘဏ္ဍာရေးနှစ်တွင် အမေရိကန်ဒေါ်လာ ၂ ဒသမ ၈၄၃ ဘီလျံခန့်၊ ၂၀၀၉-၂၀၁၀ ဘဏ္ဍာရေးနှစ်တွင် အမေရိကန်ဒေါ်လာ ၂ ဒသမ ၆၀၃ ဘီလျံခန့်၊ ၂၀၁၀-၂၀၁၁ ဘဏ္ဍာရေးနှစ်တွင် အမေရိကန်ဒေါ်လာ ၂ ဒသမ ၉၃၄ ဘီလျံခန့်၊ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်တွင် အမေရိကန်ဒေါ်လာ ၃ ဒသမ ၆၁၁ ဘီလျံခန့် ရရှိခဲ့ပြီး စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၆ ဘီလျံကျော် ရရှိခဲ့ပြီးဖြစ်ကြောင်း သိရှိရပါသည်။ ထို့အတူ လာမည့် ၂၀၁၃ခုနှစ်တွင် တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံသို့ တင်ပို့ရောင်းချမည့် ရွှေနှင့် ဇောတိက ရေနံနှင့် သဘာဝဓာတ်ငွေ့ စီမံကိန်းများမှ ၆၀ ရာခိုင်နှုန်းခန့်ကို နိုင်ငံတော်မှ ရရှိမည်ဖြစ်ကြောင်း သိရပါသည်။ ထို့ပြင် မြန်မာ့သယဇာတဖြစ်သည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ကို ပြည်ပတင်ပို့ရောင်းချမှုနှင့် ပတ်သက်၍ ယခင်က ပြည်တွင်းသဘာဝဓာတ်ငွေ့ လိုအပ်ချက်မရှိခဲ့ခြင်းနှင့် နိုင်ငံနှင့် ပြည်သူလူထု ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအတွက် အခြေခံအဆောက်အဦများ တည်ဆောက်ရန် နိုင်ငံခြားငွေ လိုအပ်ခြင်းများကြောင့် ရောင်းချခဲ့ရခြင်းဖြစ်ကြောင်း၊ ယခုနောက်ပိုင်း တွေ့ရှိသမျှ ရေနံနှင့် သဘာဝဓာတ်ငွေ့များကို ပြည်တွင်းသုံးစွဲရန် ဦးစားပေးသွားမည် ဖြစ်ခြင်းကြောင့် ပြည်ပသို့ ရောင်းချတော့မည် မဟုတ်ကြောင်းနှင့် ထွက်ရှိသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့များ ပြည်တွင်းသုံးစွဲရန် ဖူလုံပြည်စုံနေပါက တန်ဖိုးမြှင့် ထုတ်ကုန်များ ထုတ်လုပ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်ဟု ၂၀၁၂ ခုနှစ် ဇူလိုင်လ ၁၈ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။

No comments:

Post a Comment