ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Tuesday, July 17, 2012

ယခုဥပဒေဟောင်းဖြင့် မြှုပ်နှံပြီးသူများအနေဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်ပြဋ္ဌာန်းပြီးပါက ဥပဒေသစ်ပါ အချက်များအတိုင်း ခံစားခွင့်ရရှိမည်

လက်ရှိအသုံးပြုနေသော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေဟောင်းဖြင့် မြှုပ်နှံထားပြီးသူများ အနေဖြင့်လည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေသစ် ပြဋ္ဌာန်းပြီးပါက ဥပဒေသစ်ပါ အချက်များအတိုင်း ခံစားခွင့်ရရှိမည်ဟု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ဦးစိုးသိန်းက ပြောကြားခဲ့သည်။ နိုင်ငံတကာမှ မြန်မာနိုင်ငံတွင် လာရောက်မြှုပ်နှံလိုသူ
လုပ်ငန်းရှင်များအနေဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်ကို စောင့်စရာမလိုကြောင်း၊ ဥပဒေသစ် ပြဋ္ဌာန်းပြီးပါက ဥပဒေသစ်အတိုင်း ခံစားခွင့်ရရှိမည်ဟု ဇူလိုင်လ ၁ ရက်နေ့က မီဒီယာများနှင့် တွေ့ဆုံသည့် အခမ်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ယခုကျင့်သုံးနေသည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေကို ၁၉၉၈ ခုနှစ် ဖေဖော်ဝါရီလ၌ ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ပြီး ယခုအခါ လိုအပ်ချက်များ ပြန်လည်ပြင်ဆင်ခြင်း၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများအတွက် အခွန်၊ မြေပိုင်ဆိုင်မှု၊ လုပ်ငန်းမြှုပ်နှံခွင့် ကာလများအား ပြင်ဆင်ထားပြီး အတည်ပြုရန် အဆင့်သာ ကျန်ရှိသည်ဟု သိရသည်။ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် MIC အနေဖြင့် နိုင်ငံခြား ရင်းမြှုပ်နှံမှုများအား ခွင့်ပြုရာတွင် အဓိက အချက်လေးချက် သတ်မှတ်ထားပြီး အဆိုပါ အချက်များ ကိုက်ညီသည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုမျိုးကိုသာ အဓိက ခွင့်ပြုကြောင်း သိရသည်။ တိုင်းရင်းသား အကျိုးစီးပွား မထိခိုက်ရန်၊ တိုင်းပြည်ဂုဏ်သိက္ခာ မထိခိုက်ရန်၊ လူမှုဘ၀များ မထိခိုက်ရန်၊ သဘာဝပတ်ဝန်းကျင် မထိခိုက်ရန် ဟူသည့် အခြေခံအချက် လေးချက် သတ်မှတ်ထားကြောင်း၊ အဆိုပါ အချက်လေးချက်ဖြင့် ကိုက်ညီသည့် မြှုပ်နှံမှုမျိုးကိုသာ အဓိကထား ခွင့်ပြုကြောင်း သိရသည်။ လူမှုဘ၀များမထိခိုက်ရန် ဟူသော အချက်ထဲတွင် ကျေးရွာ၊ လယ်မြေများအား ဧကထောင်ချီကာ သိမ်းယူမည့် မြှုပ်နှံမှုအမျိုးအစား ပါဝင်ကြောင်းနှင့် ထိုသို့သော မြှုပ်နှံမှုမျိုးဆိုပါက အလေးထား လုပ်ဆောင်ရကြောင်းကိုလည်း ထည့်သွင်းပြောကြားခဲ့သည်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ လာရောက်မှုအပေါ် ခွင့်ပြုရာတွင် မြှုပ်နှံသူများအနေဖြင့် မြန်မာနိုင်ငံ၌ ပြဋ္ဌာန်းထားသည့် အလုပ်သမား ဥပဒေများကို လိုက်နာရန်၊ ပေးသင့်ပေးထိုက်သည့် လစာများကို ပေးချေရန်၊ အလုပ်သမားကို အကာအကွယ်ပေးရန် စသည့်အချက်ကို ပြောကြားပြီးမှ မြှုပ်နှံခွင့်ပြုသည်ဟုလည်း သိရသည်။ လက်ရှိတွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်အနေဖြင့် ဟိုတယ်နှင့် ပတ်သက်သည့် ရင်းနှီးမြှုပ်နှံမှုများဆိုလျှင် မြန်ဆန်စွာ ချထားပေးလျက် ရှိကြောင်းကိုလည်း MIC ဥက္ကဋ္ဌ ဦးစိုးသိန်းက တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်ဟု ၂၀၁၂ ခုနှစ် ဇူလိုင်လ ၁၈ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။

No comments:

Post a Comment