ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Tuesday, July 17, 2012

စာအုပ်ထုတ်ဝေရေး လောကသားအားလုံး တစ်ပြေးညီ ခံစားရမည့် အခွင့်အလမ်းများကို ဆောင်ရွက်နေပြီ


စာအုပ်ထုတ်ဝေရေး လောကသားအားလုံး တစ်ပြေးညီခံစားရမည့် အခွင့်အလမ်းများကို မြန်မာနိုင်ငံ စာပေထုတ်ဝေသူနှင့် ဖြန့်ချိသူများအသင်းက ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။ ဇူလိုင် ၁၅ ရက် နံနက် ၉ နာရီတွင် ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်ရှိ သူနာပြုတက္ကသိုလ်ခန်းမ၌ ကျင်းပသော မြန်မာနိုင်ငံ
စာပေထုတ်ဝေသူနှင့် ဖြန့်ချိသူများအသင်း ပထမအကြိမ် မျက်နှာစုံညီ အစည်းအဝေးတွင် အတွင်းရေးမှူး ဦးမြင့်ထွန်း (Quality Publishing House နှင့် ဆုပြည့်စုံထွန်းစာပေ) က ယင်းကဲ့သို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။ ယင်းအခမ်းအနားသို့ ပြန်ကြားရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်း တက်ရောက် အဖွင့်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။ ဦးမြင့်ထွန်းက “လောလောဆယ် အသင်းဝင်ထားသူရော၊ အသင်းဝင်မထားသူတွေရော၊ ထုတ်ဝေရေး၊ ဖြန့်ချိရေး လုပ်ဆောင်နေသူတွေ အားလုံး တစ်ပြေးညီခံစားရမည့် အခွင့်အလမ်းများကိုလည်း ဆောင်ရွက်နေပါပြီ” ဟု ပြောကြားခဲ့သည်။ ယင်းအပြင် ISBN ၊ ISSN ကိစ္စများ၊ စာအုပ်ရောင်းအား မြှင့်တင်ရေး စာအုပ်ပွဲတော်များကို ရန်ကုန်မြို့ပေါ်တွင် သာမက နယ်မြို့များတွင်ပါ နှစ်စဉ်ဆောင်ရွက်သွားရန်၊ စာရေးဆရာအသင်းနှင့် ညှိနှိုင်း၍ စာဖတ်ရှိန် မြှင့်တင်ရေးနှင့် စာပေဟောပြောပွဲများကိုလည်း လုပ်ဆောင်သွားမည်ဖြစ်ပြီး စာအုပ်ထုတ်ဝေသူများ သိသင့်သိထိုက်သော Copyright ကိစ္စနှင့် ပတ်သက်သော ဆွေးနွေးပွဲများ၊ ထုတ်ဝေသူ၊ ဖြန့်ချိသူများ အချင်းချင်း အခက်အခဲများကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးတင်ပြနိုင်သော အလုပ်ရုံဆွေးနွေးပွဲများ၊ နိုင်ငံတကာ စံချိန်စံညွှန်များကို လေ့လာနိုင်သော ပြည်တွင်းပြည်ပ ခရီးစဉ်များ၊ အာဆီယံ စာအုပ်ရောင်းချသူများ အသင်းနှင့် ချိတ်ဆက်၍ ဒေသတွင်း ထုတ်ဝေရေးများကို မြှင့်တင်သွားရန် လုပ်ဆောင်နေပြီဖြစ်ကြောင်း ၂၀၁၂ ခုနှစ် ဇူလိုင် ၁၉ ရက်နေ့ထုတ် ရန်ကုန်တိုင်း(မ်) ဂျာနယ်တွင် ဖြော်ပထားပါသည်။

No comments:

Post a Comment