ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Tuesday, July 17, 2012

အောက်ကြည့်မြင်တိုင် လမ်းမကြီးဘေးတစ်လျှောက် ကားပါကင်များ တည်ဆောက်သွားမည်


အောက်ကြည့်မြင်တိုင် လမ်းမကြီးဘေးတစ်လျှောက်တွင် ကားပါကင်များ တည်ဆောက်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ သိရသည်။ ကွန်တိန်နာယာဉ်ကြီးများ၊ မြို့တွင်း ပြေးဆွဲပေးနေသော ကားဂိတ်များ တည်ရှိသည့်အတွက် မကြာခဏ
ယာဉ်ရပ်နားမှု အဆင်ပြေစေရန် ရည်ရွယ်၍ ယခုကဲ့သို့ ကားပါကင် ဆောက်လုပ်ပေးခြင်း ဖြစ်သည်ဟု သိရသည်။ “အပေါ်ဘက်လမ်းတွေက ယာဉ်ကြောရှုပ်ထွေးမှုတွေ ပိုဖြစ်နေတယ်။ ကားအများစုကလဲ ဒီဘက်ဗဟိုလမ်းကတစ်လျှောက် အောက်ကြည့်မြင်တိုင်လမ်းကို တက်မောင်းလာကြတယ်။ ယာဉ်တွေ ရပ်ထားတာနဲ့ဆိုရင် လမ်းတွေကျပ်ပြီး ဘယ်လိုမှ အဆင်မပြေဘူး။ ကားတွေရပ်နားလို့ အဆင်ပြေအောင် ကားပါကင်လုပ်ပေးသွားမှာပါ” ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ယင်းကားပါကင်ကို ဟံသာဝတီဘူတာမှ ကြည့်မြင်တိုင်ဘူတာတစ်လျှောက် တည်ဆောက်သွားမည်ဖြစ်ပြီး လက်ရှိ မြေသားပြုပြင်မှု လုပ်ငန်းများ၊ မြေဖို့ခြင်းလုပ်ငန်းများနှင့် သစ်ပင်ရှင်းလင်းမှုများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ “ဒီလမ်းနေရာတွေမှာ ဘတ်စ်ကားမှတ်တိုင်တွေ၊ လူသွားလမ်းတွေပါ ထည့်သွင်းတည်ဆောက်သွားပါမယ်” ဟု ယင်းက ထပ်မံပြောသည်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ယင်းကားပါကင် တည်ဆောက်မှုကို ဇွန်လအတွင်းက စတင်အကောင်အထည်ဖော်ခဲ့ခြင်း ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့ထုတ် ရန်ကုန်တိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။

No comments:

Post a Comment